ပုဏ္ဏားကျွန်း ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၄)ရပ်နှင့် အညီ ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်သိန်းကအဖွင့်အမှာ စကားပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်က “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံ ချက်(၄)ရပ်နှင့် အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားသည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသိန်းဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဦးကျော်နုတို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၄၆)ခုအား သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမှာ ရပ်ကွက်/ကျေးရွာအုပ်စု (၁၄)ခု တို့မှ အမျိုးသား(၁၆၄)ဦး၊ အမျိုးသမီး(၂၈၂)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)