ပုံပါကျင် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီ က တုံဖိန့်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်က အမှာစကားပြောကြားပြီး မိုင်းတုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာစိုင်းအေးလှိုင်က ခွေးရူးရောဂါ ကာကွယ်ရေး သိကောင်းစရာများ၊ ရပ်ကွက်ထဲ(သို့) မိမိအိမ်ရှိ ခွေးရူးနေသည်ဟု သံသယရှိပါက သတိပြု လိုက်နာရမည့် အချက်များ၊ မိမိ၏ အိမ်မွေး ခွေး/ကြောင်ကို ခွေးရူးရောဂါမှ ကာကွယ်ရန်နည်းလမ်းများ၊ ခွေးရူးရောဂါ ကူးစက် ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါ ကူးစက်ခံရမှုအန္တရာယ်ရှိသောသူများ၊ ခွေးတွင်ခွေးရူးရောဂါ ဖြစ်နေကြောင်း သိရှိနိုင်သည့်အချက်များ၊ လူတွင်ခွေးရူးပြန်ရောဂါဖြစ်ပါက သိရှိနိုင်သည့် လက္ခဏာများ၊ ခွေးကိုက်ခံရပြီး ခွေးရူးပြန်ရောဂါမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးမဖြစ်မနေ ထိုးရမည့် အခြေအနေများကို မြန်မာဘာသာ၊ ရှမ်းဘာသာဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများကို ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်း စာစောင် များနှင့် နှာခေါင်းစည်း mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒီ(ပြန်/ဆက်)