အသက်မွေးဝမ်းကျောင်းအထောက်အကူပြုရပ်ရွာအခြေပြုအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ

မောက်မယ် ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့် တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ကျေးလက်နေ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်စိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရေးလုပ်ငန်းများ အား တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှကြီးမှူး၍ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အတွင်းအကောင် အထည် ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု အပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနရုံးခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမြင့်ဇော်ကအဖွင့် အမှာစကားပြောကြားပြီး လင်းခေး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်  ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများတို့က သင်တန်းထူးချွန်ဆု၊ သင်တန်းနည်းပြများအား လက်ဆောင်ပစ္စည်းများနှင့် သင်တန်းသူများတို့အား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသူများ (၂၀)ဦးတက်ရောက်ပြီး အဆိုပါစက်ချုပ်သင်တန်းအား ဇန်နဝါရီလ (၁)ရက် နေ့မှ (၃၀) ရက်နေ့အထိ တစ်လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)