မိတ္ထီလာမြို့နယ် ကူတော်ကျေးရွာနှင့် အိုင့်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေး

မိတ္ထီလာ  ဇန်နဝါရီ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကူတော်ကျေးရွာနှင့် အိုင့်ကျေးရွာတို့တွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်း ရန်ပုံငွေကို ဒုတိယအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများတွင် ထုတ်ချေးပေးအပ် ခဲ့ကြောင်း   သိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား စီးပွားဖြင့် ဆောင်ရွက်လာနိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ် သိန်း ၃၀၀ ကို မတည်ထုတ်ချေးပြီး  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင်  မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသော  အင်းအုပ်စု ကူတော်ကျေးရွာတွင် ဒုတိယအကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၃၀၀ ကို  ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၀ ဦးနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၁၆ ဦး တို့အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး မြစိမ်းရောင် ကျေးရွာကော်မတီဝင်များက ထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြင်ကန်ကျေးရွာအုပ်စု အိုင့်ကျေးရွာတွင်လည်း ဒုတိယအကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကို ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းကိုင်သူ ၁၆ ဦး၊ မွေးမြူရေး လုပ်ငန်းကိုင်သူ ၂၆ ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၆၂ ဦးတို့အား ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။

 သိန်းမြင့်ကျော်(မိတ္ထီလာ)