ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ညောင်ဦး  ဇန်နဝါရီ   ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၉နာရီခွဲအချိန်က ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌန၊ ဒေါ်မေသန္တာအောင်(ဦးစီးအရာရှိ)ထံက သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်မှ ကျောင်းသားကျောင်းသူများအနေဖြင့် ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာအုပ်၊ စာပေများဖတ်ရှုခြင်းဖြင့်၊ အကောင်းအဆိုးဝေဖန်ပိုင်းခြားမှုရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများက မိမိတို့ဖတ်ရှုထားသည့် ပုံပြင်များဖြင့် ပြိုင်ပွဲဝင်ကြပြီး ဆုရရှိသူများအားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD