မော်လမြိုင် ပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

မော်လမြိုင်  ဇန်နဝါရီ  ၃၁

ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်မည် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင် ပညာရေးဒီဂရီ ကောလိပ် ပညာညီလာခန်းမတွင် ယမန်နေ့လယ်ပိုင်းက (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပသည်။

အခမ်းအနားတွင် မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးက ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်၊ တိုင်းရင်းသားအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာစေရန်နှင့် ပြည်ထောင်စုနေ့သက်ဆိုင်သည့် အကြောင်းအရာခေါင်းစဉ်တို့ဖြင့် ပြိုင်ပွဲများ ကျင်းပ ပေးခြင်းသည် ပင်လုံမြေမှအတူတကွ သွေးစည်းချစ်ကြည်ညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရင့်သန်နေစေရန် ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပေးသည်။

ဆက်လက်၍ တာဝန်ရှိသူများကပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်များ၊ စည်းကမ်းချက်များ အားရှင်းလင်းပြောကြားပေးပြီး "ညီနောင်တစ်စု တည်ထောင်ပြုသည့် ပြည်ထောင်စု" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကို စတင်ကျင်းပခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၁၃) ဦးတို့က ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဆုရရှိသူများအား ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)