မိုင်းယောင်း ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် စျေးဆိုင်များနှင့် ကုန်စုံဆိုင်များ ပုံမှန် ရောင်းချရေး လိုက်လံအသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဈေးဆိုင်များနှင့် ကုန်စုံဆိုင်များအနေဖြင့် စျေးပိတ်ရက်များ ဆိုင်ပိတ်ရက်များမှအပ ကျန်ရက်များတွင် ပိတ်ထားခြင်းမပြုဘဲ စိတ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလုပ်ကိုင်ကြရန်၊ အစိုးရယန္တရားပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ထိခိုက် စေရန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို အားပေးအားမြောက်ဖြစ်စေသော သဘော သက်ရောက်စေသည့် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလုပ်ကိုင်ခြင်းမပြုကြောင်း စိစစ်တွေ့ရှိရပါက စည်ပင် သာယာရေး အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များအား တည်ဆဲဖြစ်သော ရှမ်းပြည်နယ် စည်ပင်သာယာ ရေး ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပေးခြင်းလုပ်ငန်းကို စျေးဆိုင်များစနစ်တကျ ဖွင့်လှစ်ရောင်းချရေး ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ ထွေ/အုပ်၊ စည်ပင်၊ ပြန်/ဆက်နှင့် သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့ ပူပေါင်းပြီး လိုက်လံ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
နန်းပန်(ပြန်/ဆက်)