ပင်းတယမြို့နယ်အတွင်း ရေရှားပါးသည့် ကျေးရွာများအတွက်  ရေဂါလန်(၂၄၀၀) ဆံ့ ဖိုင်ဘာရေလှောင်ကန် ( ၅) ခုတပ်ဆင်လှူဒါန်းခြင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ပင်းတယ ဇန်နဝါရီ  ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊  ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရေရှားပါးသည့် နွေရာသီသောက်သုံးရေ အဆင်ပြေစေရန်ရည်ရွယ်ပြီး ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာတွင် ရေဂါလန် (၂၄၀၀) ဆံ့ ဖိုင်ဘာရေလှောင်ကန်များ တပ်ဆင်လှူဒါန်းမှုများဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ် ကြောင်း သိရသည်။

 ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုစီမံချက်( CERP ) အစီအစဉ်အရ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ရေရှား ပါးသည့် ကျေးရွာ(၅)ရွာအတွက် ခွဲဝေချထားပေးသည့် ရေဂါလန် (၂၄၀၀) ဆံ့ ဖိုင်ဘာ ရေလှောင် ကန် (၅) ခုအား RUBY Fiber Glass Company Limited မှ တာဝန်ခံတပ်ဆင်ခဲ့ပြီး၊  ပင်းတယမြို့နယ်အတွင်းရှိ နန်းပလန်ကျေးရွာ၊  ရှားပြားကျေးရွာ၊  ဝါတရာကျေးရွာ၊ မြေခြားမြောက် ကျေးရွာနှင့် ဒုဒယ်ရေကျေးရွာတို့တွင် ကျေးရွာများအရောက် သွားရောက် တပ်ဆင်လှူဒါန်း ပေးခဲ့ရာ၊ ဖိုင်ဘာ ရေလှောင်ကန် (၅) ခုအတွက် စုစုပေါင်းကုန်ကျငွေ  (၁၇၅) သိန်းဖြင့်  (၂၈-၁-၂၀၂၂) နေ့တွင် တပ်ဆင်ပြီးစီးလှူဒါန်းပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန သိရသည်။

ကျေးလက်နေပြည်သူများအနေနှင့် နွေရာသီရေရှားပါးသည့် အခက်အခဲအား ကူညီဖြေရှင်း ပေးနိုင်ရန် ရေလှောင်ကန်များ လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း၊ အဆိုပါ ရေလှောင်ကန်များအား ရေရှည်အသုံးပြုနိုင်ရန်နှင့် ရေရှားပါးသည့်အချိန်တွင် စနစ်တကျ ရေများအလွယ်တကူ အသုံးပြုနိုင်ရေးအတွက် စည်းကမ်းတကျကိုင်တွယ် ထိန်းသိမ်းအသုံးပြုကြရန်နှင့်   လိုအပ်သည့်အချိန်၊ အခါအားလျော်စွာ ရေလှောင်ကန်အတွင်းသို့ ရေများလာရောက် ဖြည့်တင်းပေးနိုင်ရေး ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပင်းတယမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာသိန်းမှ ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ  ဖိုင်ဘာ ရေလှောင်ကန်များအား လှူဒါန်းခြင်းနှင့်ပတ်သတ်၍ နန်းပလန် ကျေးရွာ ပြည်သူ တစ်ဦးက ယခင်က နွေရာသီမရောက်ခင် သောက်သုံးရေရှားပါးတဲ့ အခက်အခဲကို ကြုံတွေ့ရကြောင်း၊  ရေရှားပါးသည့်အချိန်များ၌ တခြားကျေးရွာသို့ နွားလှည်းများဖြင့် သွားရောက်ခပ်ယူရကြောင်း၊ ယခုလိုဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေလှောင်ကန်များ လာရောက် လှူဒါန်းပေးပြီး ရေများအား လာရောက်ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သိရသည့်အတွက် များစွာဝမ်းမြောက်သာဓုခေါ်ပါကြောင်း  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ပင်းတယ ( ပြန်/ဆက်)