ဟိုပုံးမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိရန် မျှော်လင့်

ဟိုပုံး ဩဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုး ထားသော အစေ့ထုတ်ပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူ များ ထံကသိရသည်။

အစေ့ထုတ်ပြောင်းများ ရောင်းချရာတွင် မိသားစုဝင်ငွေ ပိုမိုရရှိ၍ တောင်သူများအတွက် အကျိုးပြုသည့် သီးနှံဖြစ်သောကြောင့် မိုးအစေ့ထုတ်ပြောင်းများကို ဟိုပုံးမြို့နယ်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ မိုးသီးနှံပြောင်း စိုက်ပျိုးရာတွင် တစ်ဧကလျှင်ပြောင်း ၃ ကီလိုစိုက်ပျိုး ရပြီး မျိုးစရိတ်၊ မြေပြင်ခြင်း၊ အလုပ်သမား၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုးများအပါအဝင် စုစုပေါင်း ငွေကျပ်၂၈၀၀၀၀/- ခန့်ကုန်ကျကြောင်း တောင်သူများ အနေဖြင့် CP 808၊ SP 5059၊ 029 နှင့် အခြားပြောင်းမျိုးများကို စိုက်ပျိုးကြ ကြောင်း၊ ပြောင်းစိုက်ပျိုးရာတွင် ဒေသအလိုက်သင့်လျော်သော အထွက်နှုန်းကောင်းမျိုးများရွေးချယ် စိုက်ပျိုးကြရာ မိုးရာသီတွင် မေလဆန်းမှ ဇွန်လကုန်စိုက်ပြီး ဆောင်းရာသီတွင် စက်တင်ဘာလမှ အောက်တိုဘာလတွင် စိုက်ပျိုးသင့်ကြောင်း နှင့် မြေဩဇာ ထက်သန်သော နှုန်းမြေ၊ နှုန်းမြေစေး၊ သဲနုန်းမြေ တို့နှင့် ရေဝပ်ခြင်းမရှိ လေဝင်လေထွက်မျှတ၍ မြေဆီလွှာနက်သောမြေမျိုး တို့တွင် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အစေ့ထုတ်ပြောင်းများကို ဟိုပုံးမြိုနယ်တွင် များစွာစိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မိုးအစေ့ထုတ်ပြောင်း စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချချိန် တွင်လည်း ဒေသခံပြောင်းသီးနှံစိုက်ပျိုးတောင်သူများက ဈေးကောင်း ရရှိရန်အတွက် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)