ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ ၃၁

"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ကိုင်ဆောင်နိုင်သည့် ကတ်တစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဦးရေ စာရင်း များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၇) ရပ်ကွက်သို့ ဒုတိယအကြိမ် အလှည့်ကျ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၃၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌  အသက်(၁၀) နှစ်ပြည့်နှင့် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ရပ်ကွက်/ ကျေးရွာများအရောက် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ် ဩဂုတ်လ အထိ (၁၈) လကြာ  ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မိမိတို့မွေးဖွားရာ ဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်း နေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ယနေ့အထိ အိမ်ထောင်စုပေါင်း (၃၇၇)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၈၂၉)ခု ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)