ကျောက်ဖြူ ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Silence Strike အသံတိတ်သပိတ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ဒေသခံပြည်သူများပါဝင်မှု မရှိစေရေးအတွက် ယနေ့၊ နံနက်(၉)နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာ ပေး လက်ကမ်းစာစောင်များနှင့် ပါးစပ်နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်မှူးရုံးမှ ဒုရဲမှူး တင်ဝင်း ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျောက်တစ်လုံးပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကျောက်ဖြူမြို့သို့ ဈေးရောင်း /ဈေးဝယ်လာရောက်ကြသော ခရီးသွားများ၊ ဒေသခံပြည်သူများနှင့် ယာဉ်လိုင်းများတွင် လိုက်ပါလာကြသည့် ခရီးသွားများအား နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ဒေသခံပြည်သူများ ပါဝင်မှုမရှိစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်နှင့် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲသစ် ဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကူးစက်မှုပျံ့နှံ့မှုများရှိနေသည့် နိုင်ငံအရေအတွက်များပြားလာသောကြောင့် မိမိတို့၏ မြို့ရွာအတွင်းတွင်လည်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးကူးစက်မှုမရှိစေရေးနှင့် ကြိုတင် တားဆီးကာကွယ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား သည့် CRPH/NUG နှင့် ၎င်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်စာမျက်နှာများမှတဆင့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ပြည်သူ များအနေဖြင့် ၎င်းတို့၏လှုံ့ဆော်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍လိုက်ပါဆောင်ရွက် ခြင်းဖြစ်စေ၊ အသံဖြင့်ဖြစ်စေ လှုံ့ဆော်ခြင်း၊ ထပ်ဆင့်မျှဝေခြင်းအားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် အသံတိတ် သပိတ်တွင် ပါဝင်ခြင်းမရှိဘဲ မိမိလုပ်ငန်းများကို အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း စသည့် အချက်များ ပါဝင်ကြောင်းသိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)