မော်လမြိုင် ဇန်နဝါရီ ၃၀
ပြည်သူလူထုအတွင်း စာပေမှရရှိသည့် အသိပညာ၊ စာပေမှရရှိသည့် ဗဟုသုတအတွေးအမြင်တို့ဖြင့် စဉ်းစားတွေးခေါ်ဉာဏ်မြင့်မားပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ၊ စာပေ၏ အကျိုးကျေးဇူးဖြင့် ဘဝရည်မှန်းချက်ပန်းတိုင်များ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဒေါက်တာလှဘေပညာပါရမီ စာကြည့်တိုက်တွင် မြို့နယ်စာရေးဆရာအသင်းမှကြီးမှူး၍ စာပေဟောပြောပွဲ ကျင်းပပေးသည်။
ရှေ့ဦးစွာ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းဥက္ကဌ၊ ဒေါက်တာလှဘေ (ပညာပါရမီ စာကြည့်တိုက်) အတွင်းရေးမှူးဦးကျော်လင်း (ကာတွန်းဆရာကျော်လင်း)က ယခုလိုစာပေ ချစ်မြတ်နိုးသူများ စုပေါင်း၍ စာပေဟောပြောပွဲကျင်းပပေးခြင်းသည် အလိမ္မာစာမှာရှိ ဆိုရိုးစကားနှင့်အညီ ကောင်းမွန်သည့် မဂ်လာတစ်ပါးဖြစ်ကြောင်း၊ စာပေမှရရှိသည့် အသိပညာဗဟုသုတတို့ဖြင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာမည်ဖြစ်ကြောင်းနှင့် စာပေ၏ တန်ဖိုးကို လူတိုင်းတန်ဖိုးထား ထိန်းသိမ်းလိုသောဆန္နဖြင့် ဟောပြောပွဲဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားပေးသည်။
ဆက်လက်၍ စာပေဟောပြောပွဲကျင်းပခဲ့ရာ စာရေးဆရာမခင်စောဝင်း(ပညာရေး)က ကြီးမားဂုဏ်အင်ဆရာကြီးသိပ္ပံမှူးတင်၏ သိပ္ပံအကြောင်း သိကောင်းစရာများ၊ အတွေး အခေါ် မြင့်မားပြီး ကြိုးစားတီထွင်မှုများနှင့် ဆရာကြီးရေးသားခဲ့သည့် ဆောင်းပါးများ အကြောင်းတို့ကို ဆွေးနွေးဟောပြောပေးပြီး စာရေးဆရာတင်အောင်စန်း (မော်လမြိုင်)က ဗီဇနဲ့ဘဝက ပေးတဲ့သည်လူရဲ့အတွေးနဲ့အရေး ခေါင်းစဉ်ဖြင့် စာပေချစ်မြတ်နိုးသူများနှင့် မျိုးဆက်သစ်လူငယ်၊ လူရွယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမည့် အတွေးအခေါ်များ၊ ဘဝရည်မှန်းချက်ထားရှိရမည့် အကြောင်းအရာတို့ကို အသေးစိတ်ဟောပြောပေးသည်။
ထို့နောက်တက်ရောက်ကြသည့် စာပေချစ်မြတ်နိုးသူများက ဆွေးနွေးဟောပြောပေးသည့် အကြောင်းအရာများအပေါ် အခြေခံ၍ မိမိတို့အတွက် ခွန်အားဖြစ်စေမည့်သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးကြရာ ဟောပြောသူ စာရေးဆရာများက ပြန်လည်ရှင်းလင်း ပေးပြီး ကျေးဇူးတင်စကားပြောကြားကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)