မိုင်းယောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မိသားစုများက ဆွမ်းဆန်တော်များ လှူဒါန်း

မိုင်းယောင်း ဇန်နဝါရီ ၃၁

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်း ကိစ္စရပ်များ အဆင်ပြေ စေရန်ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ အရာထမ်း၊ အမှုထမ်းမိသားစုများက မိုင်းဟန်ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်များကို ယမန်နေ့က သွားရောက်ဆက်ကပ် လှူဒါန်းသည်။

ရှေးဦးစွာ မိုင်းဟန်ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုး၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲရင့်အောင်တို့က တန်ဖိုးငွေကျပ် တစ်သိန်းခြောက်သောင်းခုနှစ်ထောင်ငါးရာရှိ ဆန်သုံးအိတ်၊ ဆီငါးပိဿာ၊ ပဲငါးပိဿာနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း