ဂွမြို့နယ်တွင် နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ပြည်သူများ သိရှိနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဂွ ဇန်နဝါရီ  ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် Silence Strike အသံတိတ်သပိတ်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ဒေသခံပြည်သူများပါဝင်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသည့် ဈေးဆိုင်များ၊ ဈေးရောင်း /ဈေးဝယ်သူများ၊ ကားဂိတ်များနှင့် လမ်းဆုံလမ်းမများ၌ သွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ယနေ့နံနက်(၈)နာရီအချိန်က  အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင်  ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH/NUG နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်စာမျက်နှာများမှတဆင့် နည်းလမ်းမျိုး စုံဖြင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏လှုံ့ဆော်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ လိုက်ပါဆောင်ရွက်ခြင်းဖြစ်စေ၊ အသံဖြင့်ဖြစ်စေ လှုံ့ဆော်ခြင်း၊ ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် အသံတိတ်သပိတ်တွင်ပါဝင်ခြင်းမရှိဘဲ မိမိလုပ်ငန်းများကို အေးချမ်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်းစသည့်အချက်များ ပါဝင်ကြောင်းသိရှိရသည်။

ရွှေရည်ဝင်းကျော်