ဟိုပန်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုကျပန်းစကားပြော၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်

ဟိုပန်  ဇန်နဝါရီ  ၃၁

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂  ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အထက်တန်းအဆင့် မြို့နယ်ကျောင်းပေါင်းစုံ  ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲ များကို  ယမန်နေ့နံက်ပိုင်းက ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင်  ဟိုပန်မြို့နယ်အတွင်းရှိ အထက(ဟိုပန်)၊ အထက(ပန်လုံ)၊ အထက(ခွဲ)ရွှေဝါ၊ အထက(ခွဲ) ပန်ကောက်နှင့် အလက (ကောင်းကော်) ကျောင်းများမှ အထက်တန်း အဆင့် ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ကျပန်းစကားပြော ပြိုင်ပွဲတွင်(၈)ဉီး၊ စာစီစာကုံးပြိုင်ပွဲတွင် " စည်းလုံးခြင်းသည် အင်အား တို့တိုင်းရင်းသားများ"ခေါင်းစဉ်ဖြင့် ကျောင်းသား/ သူ(၁၀)ဉီး၊ ကဗျာပြိုင်ပွဲတွင် "ပြည်ထောင်စုပွဲ တို့ဆင်နွှဲ" ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ(၁၀)ဉီး၊ ပန်းချီ ပြိုင်ပွဲတွင် (၁၀)ဉီး စုစုပေါင်း  ကျောင်းသား/သူ(၃၈)ဉီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုကျပန်းစကားပြော၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ကျောင်းသား/ သူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ် ဖြစ်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် အကြောင်းအရာ ဗဟုသုတများကို သိရှိနားလည်ကြ စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်နှင့် သရုပ်ဖော်စွမ်းရည်များ ရရှိကြစေရန်တို့ကို ရည်ရွယ်၍ မြို့နယ်အဆင့် ​ ပြိုင်ပွဲများကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း ဟိုပန်မြို့နယ် ပညာရေးမှူး ဉီးဝင်းလှိုင် ထံမှသိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)