ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်ကျင်းပ

ကျောက်ဖြူ   ဇန်နဝါရီ  ၃၀

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာ ဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင်  ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပလျက်ရှိရာ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း(PPTT) တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းချက်များအား ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၊ မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဆရာမဒေါ်အေးငြိမ်းစိုးမှ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲအားဆက်လက်ကျင်းပရာ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်း(PPTT) တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများထဲမှ  ကျပန်း ပြိုင်ပွဲအားဝင်ရောက်ယှဉ် ပြိုင်ကြသည့် ပြိုင်ပွဲဝင် ဆရာ(၇)ဦးတို့မှ  “ညီနောင်တစ်စု တည်ထောင်ပြုသည့် ပြည်ထောင်စု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပန်းချီပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ဆရာ၊ဆရာမ(၁၁)ဦးတို့မှ “တရားမျှတ ပြည်ထောင်စုအလှ ခေါင်းစဉ်ဖြင့် လည်းကောင်း စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ကျ ဆရာ၊ဆရာမများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီးလုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း (PPTT)တက်ရောက်နေကြသည့် သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများ မှ “ရိုးမရံစီ တေးသရုပ်ဖော်ယိမ်းအကနှင့် “ထာဝရမြန်မာ” ယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အလားတူ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း အဆိုပါ ဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ကြောင်း၊    ပြိုင်ပွဲအသီးသီးတွင်ဆုရရှိသူများကို ပြည်ထောင်စုနေ့အကြို ဖေ‌ဖော် ဝါရီလ ၁၁ ရက်နေ့တွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ် ပညာသင်တန်း (PPTT)တက်ရောက်နေကြသည့် ဆရာ၊ ဆရာမ ၄၂၆ ဦးရှိကာ ၎င်းတို့အား ၂၀၂၁ ခုနှစ်၊ ဒီဇင် ဘာလ ၁၅ ရက်နေ့မှစတင်ကာ အဆိုပါသင်တန်းအား ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း