ကျိုက်မရော ဇန်နဝါရီ ၃၀
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီ စာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက (အ.ထ.က)ကျိုက်မရော ကျောင်းဆောင်သစ်ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလှမိုးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေပြီး ကာယစွမ်းရည်၊ ဉာဏစွမ်းရည်၊ နှုတ်မှုစွမ်းရည် များ တိုးတက်စေရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြိုင်ပွဲကို သတ်မှတ်စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြရန် ပြောကြားခဲ့သည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ် ခေါင်းစဉ်၊ ကဗျာပြိုင်ပွဲတွင် လက်တွဲကြိုးပမ်း ပြည်ထောင်စုပန်းနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ထိန်းသိမ်းကြမယ် ပြည်ထောင်စုအမွေ ခေါင်းစဉ်အသီးသီးဖြင့် မြို့နယ်အတွင်းရှိ (အ.ထ.က)ကျောင်း (၃)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ အား ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး