မြောက်ဦးမြို့၌ ကရုဏာလှိုင်းသွေးလှူရှင်များအသင်း နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးနှင့် ဂုဏ်ထူးဆောင်သွေးအလှူရှင်များအား ဂုဏ်ပြုပွဲ ကျင်းပ

မြောက်ဦး   ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ ကရုဏာလှိုင်းသွေး အလှူရှင်များအသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် ဂုဏ်ထူးဆောင်သွေးအလှူရှင်များအား ဂုဏ်ပြုပွဲကို ထမ္မရပ်ကွက်ရှိ  ကရုဏာလှိုင်း သွေးလှူရှင်များအသင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁) နာရိအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း   နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးတွင် အသင်း နာယကဆရာတော်ကြီးများက ဆုံးမဩဝါဒ ပြောကြားပြီးနောက် အသင်းနာယက ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဦးခင်မောင်သန်းမှ အခုလိုစဉ်ဆက်မပြတ်နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်သည့် အတွက် ဝမ်းသာကြောင်းနှင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ၉ နှစ်ထိ တိုင်အောင် ကြိုးစားပြီးကိုယ်ကျိုး အတွက် မပါဘဲ လုပ်ဆောင်နေကြသောအသင်းသားများကို ဂုဏ်ယူကြောင်း ပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးအောင်သန်းထွန်းမှ သွေးလှူဒါန်းခြင်းသည် အင်မတန် မြင့်မြတ်ကြောင်းနှင့်  သူတစ်ပါးသွေးလိုနေချိန်တွင် တစ်စုံတစ်ယောက်မှ သွေးလှူပေးပြီး အသက် ကယ် နိုင်ခြင်းသည် ကုသိုလ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ အသင်း ဒုဥက္ကဋ္ဌ ဦးမောင်ဖြူသာက အာဟာရဒါနလှူဒါန်းကျွေးမွေးခြင်းသည်လည်း သူတစ်ပါးအစာ ရေစာလိုအပ်သော အချိန်တွင် လှူးဒါန်းခြင်းဖြစ်သည့်အတွက် ဖြူစင်မွန်မြတ်သော စိတ်ဓာတ် ဖြစ်ကြောင်းပြောကြားပြီး အသင်းဒုဥက္ကဋ္ဌ  ဦးညိုမှိုင်းမှလည်း အရေးပေါ် Ambulance  လူနာတင်ယာဉ် ကူညီပေးမှုများကို  မြို့ပေါ်ရပ်ကွက်များမှ လှူဒါန်း၍ ဝယ်ယူထားကြောင်းနှင့် မည်သည့်အချိန်မဆို ကျန်းမာရေးနှင့် ပတ်သတ်၍ ခေါ်ယူနိုင်ကြောင်းနှင့် အသင်းသားများသည် (၂၄)   နာရီပတ်လုံး အလှည့်ကျ တာဝန်ထမ်းဆောင်ကြသည်ကို  ပြောကြားခဲ့သည်။

၎င်းနောက် အသင်းဘဏ္ဍာရေးမှူး   ဦးဝင်းမောင်က  ဘဏ္ဍာရေးအခြေအနေတို့ကို  တက်ရောက်လာ ကြသော မြို့မိမြို့ဖများနှင့် အသင်းသူအသင်းသားများကို   ရှင်းလင်းပြောကြားခဲ့သည်။ အသင်း ရေရှည်တည်တံ့စေရန် မြို့နယ်ပညာရေးဌာနများ ဌာနဆိုင်ရာများနှင့် ဆီဆိုင်များမှ (၁) နှစ်စာ လစဉ်ထည့်ဝင်မှုများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြပြီး ဂုဏ်ထူးဆောင် သွေးအလှူရှင် (၇၆) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖ များက အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)