နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကျောက်မဲမြို့၊ ဓမ္မမေဒနီ  ရွှေကျင်ကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

ကျောက်မဲ ဇန်နဝါရီ ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များဆွမ်းကွမ်းအဆင်ပြေ စေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ တို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်နှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်မဲမြို့၊ ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက်သို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းလာသော ဆွမ်းဆန်တော် ၁၁ အိတ်၊ ဆီ ၂၀ ပိဿာနှင့် ကုလားပဲ ၃၀ ပိဿာကို ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ ဓမ္မမေဒနီ ရွှေကျင်ကျောင်းတိုက်တွင် ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန်ကျောင်း ဖွင့်လှစ်ထားရှိပြီး ရဟန်း သံဃာပေါင်း ၁၉၀ ပါး သီတင်းသုံး နေထိုင်လျက်ရှိကြောင်း သိရသည်။

ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးအနေဖြင့် ယခင်လများကလည်း အလားတူ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများကို ကျောက်မဲမြို့၊ အောင်မြေသာယာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းနှင့် မိုဃ်းကောင်း သန္တကာမီ သီလရှင်စာသင်တိုက်သို့   လှူဒါန်းခဲ့ကြောင်း  သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)