ငါန်းဇွန်မြို့နယ်တွင် ပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

ငါန်းဇွန်  ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ Silence Strike (အသံပိတ်သပိတ်)နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များကို ဒေသခံပြည်သူများ သိရှိစေရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် အကြမ်းဖက်အဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ၎င်းတို့နှင့် ဆက်စပ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ facebook များမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံပိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက် သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ယက်များ၌  ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။ ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရန် သတင်းထုတ်ပြန်ထားရာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG  နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ၊ အများပြည်သူ အနှောင့်အယှက်ဖြစ်စေသည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃(က)နှင့် တည်ဆဲဉပဒေအရ အရေးယူခံရနိုင်သည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ချက်အား အများပြည်သူများ သိရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့်  ကျေးရွာများသို့ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး