မောက်မယ် ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စျေးတန်းရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား Silent Strike (အသံတိတ်သပိတ်)တွင် ပါဝင်မှုမရှိစေရေး နိုင်ငံတော်၏ အသိပေးသတင်း ထုတ်ပြန်ချက်စာစောင်ပါ အချက်အလက်များကို ယမန်နေ့ ည ၆ နာရီအချိန် တွင် စျေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက သီရိမင်္ဂလာမြို့လယ်ဓမ္မာရုံ၌ ရှင်းလင်းဟောပြော အသိပေးဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပေး ရှင်းလင်းအသိပေးရာတွင် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH/ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရေး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် Facebook Account များမှ တစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများ ထပ်ဆင့် မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခံရ နိုင်ကြောင်း စျေးတန်းရပ်ကွက်ရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင် ပါဝင်မှုမရှိစေရေး အသိပေးထုတ်ပြန်ချက်များအား စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ရှင်းလင်းဟောပြော အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)