သာကေတမြို့နယ် စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့ တင်မြှောက်ပွဲကျင်းပ

သာကေတ  ဇန်နဝါရီ  ၃၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ အောင်သုခကျောင်းတိုက်တွင် မြို့နယ်စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်မှ မုဒိတာစကား ပြောကြားပြီး သာကေတမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာဖေသောရီမှ အလုပ် အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်သွင်းခဲ့သည်။

၎င်းနောက် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်ကိုဦးမှ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး သာကေတမြို့နယ် စာရေးဆရာအသင်း အမှုဆောင်အဖွဲ့ဝင်သစ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ အဖွဲ့ဝင်နှင့် ညီလာခံကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြရာ ဥက္ကဋ္ဌအဖြစ် ဆရာမြေလတ်မြတ်သူ၊ အတွင်းရေးမှူး အဖြစ် ဆရာအောင်အောင်၊ ဘဏ္ဍာရေးမှူးအဖြစ် ဆရာမောင်ညီဦး(က.စ.လ)၊ စာရင်းစစ်အဖြစ် ဆရာထွဋ်ခေါင်၊ အဖွဲ့ဝင်အဖြစ် ဆရာဖေသောရီနှင့် ညီလာခံကိုယ်စားလှယ်များအဖြစ် ဆရာထွဋ်ခေါင် (စာရင်းစစ်)နှင့် ဆရာဖေသောရီ(အဖွဲ့ဝင်) တို့ကို မဲဆန္ဒဖြင့် ရွေးချယ်ခဲ့ကြသည်။ ထို့နောက် အလုပ်အမှုဆောင်သစ်တို့မှ ကတိသစ္စာခံယူပြီး အသင်းနှင့်သက်ဆိုင်သော စာရွက်၊စာတမ်းများကို လွှဲပြောင်းလက်ခံရယူကာ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။

ဆောင်းနှင်းဖြူ(ပြန်ဆက်)