လားရှိုး၌ ဂက်စ်အိုးလဲလှယ်ရာမှ မီးလောင်မှုဖြစ်ပွား

လားရှိုး ဇန်နဝါရီ    ၃၀

လားရှိုးမြို့ အမှတ်(၇)ရပ်ကွက် နယ်မြေ(၁၈)တွင် ယမန်နေ့ ည(၆)နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

အဆိုပါမီးလောင်မှုမှာ ဂက်စ်အိုးဆိုင်မှ ဖြစ်ပြီး ဂက်စ်အိုးတစ်အိုးမှ အခြားတစ်အိုးသို့ ဖလှယ်စဉ် အိုးလဲကျ၍ ပိုက်ပြုတ်ထွက်ကာ မီးပွင့်ရာမှ အနီးရှိအထပ်သားပြားသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် (၉)ပေ (၁၂)ပေရှိ ဂက်စ် အရောင်းဆိုင်ခန်း(၁)ခန်းနှင့် ကိုဂိုင်းပေါက်၏ ကုန်စုံဆိုင်(၁)ခန်း အပါအဝင်(၂)ခန်း၊ သွပ်မိုးအုတ်ကာ အခင်းကွန်ကရစ်ခင်း(၁)ထပ်အဆောင်အဦ(၂)လုံး အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်ရာနေရာသို့ လားရှိုးခရိုင်မီးသတ်ဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့တို့ဆောင်ရွက်မှုမှ မီးငြှိမ်းသတ်ယာဉ်(၄)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် ဂက်စ်ဆိုင်ပိုင်ရှင် ဦးကြူရာဗဟာဒူးနှင့် ညီဖြစ်သူ စည်သူတို့နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဦးကြူရာဗဟာဒူးတွင် ဝဲ/ယာလက်ဖဝါး မျက်နှာ ပခုံးမီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စည်သူတွင် ဝဲ/ယာလက်ဖဝါး ၊မျက်နှာ ဝဲ/ယာဒူးတို့တွင် မီးလောင်ဒဏ်ရာရရှိခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဂက်စ်ဆိုင်ပိုင်ရှင် ဦးကြူရာဗဟာဒူး(၂၆)နှစ် အား မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။

ဟန်ဌေး