နမ့်ခမ်း ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် အကြမ်းဖက် အုပ်စုများ၏ လှုံ့ဆော်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များကို ပြည်သူများမှ သိရှိလိုက်နာနိုင်ရန်အတွက် ယနေနံနက်(၉)နာရီအချိန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်ကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ အသိပေးနှိုးဆော်ရာတွင် အကြမ်းဖတ်အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည့် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ လှုံ့ဆော်နေကြသည်ကို တွေ့ရှိရပြီး အဆိုပါလှုံ့ဆော်မှုများအား ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရန်နှင့် ပါဝင်ပတ်သက်ဆောင်ရွက်ပါက နိုင်ငံတော်မှ ထုတ်ပြန်သည့် တည်ဆဲဥပဒေများအရ အရေးယူ ခံရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်ကို ယနေ့နံနက်(၉)နာရီအချိန် နမ့်ခမ်းမြို့ရှိ လူစည်ကားရာနေရာများဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး လမ်းဆုံနေရာများ၊ စည်ပင်သာယာမြို့မဈေး၊ ပန်ပွဲညဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံသို့ လိုက်လံ ဖြန့်ဝေခဲ့သည်။
သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင် ဖြန့်ဝေရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)