ညောင်ဦး ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ယခုနှစ် ဆီးသီးသီးနှုန်းကောင်းသော်လည်း ဈေးနှုန်းအင်မတန်ကျဆင်းနေခြင်းကြောင့် ဆီးသီးပင်ပိုင်ရှင်များ လုပ်အားခလောက်သာရရှိနေကြောင်း ဆင်သားမွေးကျေးရွာ ဦးခင်မောင်ဝင်းထံက သိရသည်။
ငါ့သရောက်မြို့တွင် ယခုနှစ် ဆီးသီးအသီးများကာ ဆီးပင်ပိုင်ရှင်များ ဆီးသီးတစ်တင်း ၂၅၀၀ကျပ် ရောင်းချခဲ့ရကြောင်းနှင့် ဆီးပင်တစ်ပင် ငါးတင်းလောက်ထိ ကောက်ရောင်းခဲ့ရကာ ဒီနှစ်ဆီးသီး အသီးများကြောင်း အချို့ဆီးပင်များ နည်းနည်းပါးပါးသီးသော်လည်း အသီးလုံးညှပ် (သေး)ပြီး ရောင်းပန်းမလှနိုင်ကြောင်း ကုလားတဲကျေးရွာမှ ဆီးခြံပိုင်ရှင် ဦးမင်းအောင်က ပြောကြားသည်။
ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တွင် ဆီးပင်များခြံဖြင့် စိုက်ပျိုးသူရှားပါးပြီး ယာခင်းခြံစည်း စပ်နှင့် ထန်းပင်တန်းကြားများတွင် အလေ့ကျပေါက်သည့် ဆီးပင်များအား ပေါင်းမြက်ရှင်းလင်းကာ ပြုစုပြီး အသီးသီးချိန် ကောက်ယူရောင်းချကြကြောင်း ငါ့သရောက်နယ်ရှိ ဆီးသီးမျိုးများသည် ဒေသမျိုးရင်းများဖြစ်ကာ ဆီးပင်အများစု ဆီးချဉ်ပင်များဖြစ်ကြကြောင်း၊ ညောင်ဦးမြို့နယ်မှ ထွက်ရှိ သည့်ဆီးသီးများ ပခုက္ကူဈေးကွက်သို့ ရောင်းချကြပြီး ငါ့သရောက်မြို့နယ်မှ ထွက်ရှိသည့် ဆီးသီးများကို ငါ့သရောက်မြို့ပေါ်ရှိ ဆီးငန်သီးလုပ်ငန်းရှင်များထံသာ သွား ရောက်ရောင်းချရ ကြောင်း သိရသည်။ ဆီးပင်များ တစ်နှစ်ဆီးသီးပြီးချိန် တန်ပေါင်း၊ တန်ခူးလများတွင် ဆီးသီးချိန်ပြီး ကာ လာမည့်နှစ် အသီးကြီးရန်နှင့် ဆီးပင်၊ ဆီးညောင်းသန်ရန် အပင်အား ခုတ်ပစ်ရပြီး ဆီးကိုင်းဆူးများအား ယာခင်းခြံစည်းရိုး၊ အိမ်ခြံစည်းရိုးများ (တပ်စည်းအရပ်အခေါ်) လုံခြုံစေရန် ကာရံကြကြောင်း သိရကာ ယခုနှစ်ဆီးပင်များ အသီးသီးနှုန်းများခြင်းကြောင့် မနှစ်က တစ်တင်း ၃၅၀၀ ကျပ်အထက် ရောင်းချခဲ့ရသော်လည်း ယခုနှစ်ဆီးသီး အစိုတစ်တင်း ၂၅၀၀ ကျပ်သာ ရောင်းချနေရကြောင်း ဆီးခြံဆီးပင်ပိုင်ရှင်များထံက သိရသည်။
ကိုထိန်၊ KPD