ကျိုက်ထိုမြို့နယ် လယ်ယာ‌မြေစီမံခန့်ခွဲ‌ရေး အဖွဲ့မှ ကျိုက်ပိကျေးရွာ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ကျိုက်ထို ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ၌ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် စက်မှု လယ်ယာ စနစ်ကျ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဧက -၂၀၀ သို့ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့၀င်များသည် ယမန်နေ့နံနက်(၈)နာရီတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ အဆင့်မြှင့်တင်ခြင်းဖြင့် မြေပြင်ညီညာ၍ ရေကိုလိုအပ်သလို အသုံးပြုနိုင်ခြင်း၊ ပုံသဏ္ဍန်မှန် ဧက အကွက်ကျယ်များကြောင့် စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရန်နှင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်း၊ စပါးရိတ်သိမ်းစက်များဖြင့် အချိန်မီ ရိတ်သိမ်းနိုင်ခြင်း၊ စက်မှုလယ်ယာစနစ် ကူးပြောင်းကျင့်သုံးလာသည်နှင့်အညီ သီးထပ်စိုက်စွမ်းအားနှင့် သီးနှံအထွက် တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘက်ဂျက်တွင် ကျိုက်ထိုမြို့နယ်၌စက်မှု လယ်ယာ စနစ်ကျ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို တင်ဒါစနစ်ဖြင့် (၁၁၀၀)ဧကနှင့် မြို့နယ်စက်မှုလယ်ယာမှ (၂၅၀)ဧက စုစုပေါင်း (၁၃၅၀)ဧကကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းမော်