မာန်အောင် ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌၂၀၂၂- ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းမှ ဒုတိယဂိုးကို သွင်းယူပေးခဲ့သူ မာန်အောင်မြို့နယ် ကြက်ရိုးကျေးရွာမှ မသီရိစန္ဒာရွှေနှင့် ဘုန်းဆိုးကြီးကျေးရွာမှ ကစားသမားမခင်ထက်ထက်စံတို့သည် ယနေ့နံနက်ပိုင်းတွင် ရွှေလင်းယုန်အမြန်ရေယာဉ်ဖြင့် မာန်အောင်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာရာ သင်္ဘောဆိပ်ကမ်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး ရွှေလှအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားသမားဟောင်းများအသင်းဝင်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများက ပန်းစည်းများ၊ အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။
ထို့နောက် မြို့နယ်အားကစားသမားဟောင်းများအသင်းမှ တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်တစ်သိန်းနှင့် ထရက်စုဝတ်စုံတစ်စီဖြင့် ဂုဏ်ပြုကြပြီး အားကစားသမားဟောင်းများအသင်းဥက္ကဋ္ဌ ဦးစောတင်မှ နှုတ်ဆက်ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်၍ အောင်ပွဲရအားကစားသမားအား မြို့တွင်းလှည့်လည်ဂုဏ်ပြုအောင်ပွဲခံကြပြီး နေအိမ်အရောက်ပို့ဆောင်ခဲ့ရာ လမ်းတစ်လျောက်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။ယင်းနောက် ဒေသခံပြည်သူများကလည်း ရခိုင်စည်တော်ဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြပြီး အိမ်တိုင်ယာရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းသည် ပွဲစဉ်အုပ်စုပွဲတွင် နေပြည်တော် အမျိုးသမီးအသင်းကို ၅ ဂိုး ၁ ဂိုး၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ၁ ဂိုး၊ ကွာတားဖိုင်နယ်တွင် ဧရာဝတီတိုင်း ဒေသကြီး အသင်းကို ၃ ဂိုး၊ ၂ ဂိုး၊ ဆီမီးဖိုင်နယ်တွင် မွန်ပြည်နယ်အသင်းကို ၃ ဂိုး ဂိုးမရှိနှင့် ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိပြီး တံခွန်စိုက်ဒိုင်းဆုကြီးကို ထိုက်ထိုက်တန် ဆွတ်ခူးရရှိခဲ့သည်။
၂၀၂၂- ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇန်နဝါရီ ၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်၌ ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
သိန်းဖေ(ပြန်/ဆက်)