မိုးနဲ ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလ (CERP) အစီအစဉ်ဖြင့် DU-12 မိုးစပါး RS to CS မျိုးစေ့ထုတ် စိုက်ပျိုးခြင်းကို နမ့်မော်ဆွမ့် ကျေးရွာအုပ်စု ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာတွင် ဧက ၅၀ စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ထားရှိရာတွင် တောင်သူ ဦးသိန်းတန် ၊ဦးမြင့်ဝေနှင့် ဦးထွန်းလှိုင်တို့၏ DU-12 မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတွင် ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ တောင်သူများအား အသိပညာပေး လက်တွေ့ပြသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းအားဖြင့် မျိုးသန့်မျိုးမှန်များ ရရှိပြီး စပါးအထွက်တိုးစေကာ အပင် သန်စွမ်းပြီး တောင်သူများ ထံသို့မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေး နိုင်မည် ဖြစ်ကြောင်း၊ မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းကို သုံးကြိမ်ဆောင်ရွက်ရမည်ဖြစ်ရာ ဒုတိယနှင့် တတိယ အကြိမ်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိုးနဲ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)