သံတွဲ ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်၂ နာရီက သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အမှာစကားပြောကြားသည်။ ထိုသို့ ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသဖြင့် ဟိုတယ်များသို့ လာရောက်တည်းခိုသူများ စိတ်သန့်ရှင်းစွာ တည်းခိုနေထိုင်မှုအတွက် ဟိုတယ်ဝန်ထမ်းများအားလုံး စားသောက်ဆိုင်ဝန်များအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံရန်လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းမှုရှိသဖြင့် စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးလုပ်ကိုင်မှု များပြားလာသည့်အတွက် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့အပြင် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ငပလီကမ်းခြေသာယာလှပရေး အတွက်ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မာန်အောင်ကမ်းခြေနှင့် ငပလီကမ်းခြေတို့ကို ချိတ်ဆက်နိုင်ပါက ခရီးသွား လုပ်ငန်းများ ပိုမိုတိုးတက် လာမည်ဖြစ်သဖြင့် ဟိုတယ်လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ကြစေ လိုပါကြောင်း၊ တည်းခိုနေထိုင်သူများ ဈေးနှုန်းသက်သာစွာဖြင့်စိတ်ချမ်းသာစွာ တည်းခိုနေထိုင် အပန်းဖြေအနားယူ စာသောက်မှုရှိပါက ငပလီကမ်းခြေ ဒေသ၏ ပုံရိပ်တိုးတက်မြင့်မားလာနိုင်မည် ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ဟိုတယ်လုပ်ငန်းရှင် ဦးမောင်မောင်(ခ) ဦးအောင်သန်းဝင်းက ဟိုတယ်(ဟ)လိုင်စင်ရရှိထားသော်လဲ ယစ်မျိုးလိုင်စင်လျှောက်ထားရာတွင် အခက်အခဲရှိမှု၊ ဟိုတယ် ဆောက်လုပ်ရေး မြေနေရာအား အခြားနည်းအသုံးပြုခွင့်တင်ထားသည်မှာ (၃)နှစ်ခန့်ကြာခဲ့သော်လဲ ယနေ့အထိ ခွင့်ပြုချက်မရှိသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန်နှင့် တည်းခိုခန်း လုပ်ငန်းရှင် ဦးလှဟန် က ငပလီ ကမ်းခြေဒေသတွင် ဟိုတယ်များနှင့်တည်ခိုခန်း ဈေးနှုန်းများ သည် အခြားနေရာဒေသများထက် မြင့်မားလျက် ရှိပါသဖြင့် အဆိုပါဈေးနှုန်းများ သင့်တင့်သည့် အနေအထားဖြေလျှော့ပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးနိုင်ပါက ခရီးသွား လုပ်ငန်းများဖွံ့ပိုမို တိုးတက်ပြီး စီးပွါးရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးကြသည်။
အဆိုပါတင်ပြမှုများအပေါ် ပြည်နယ်စီးပွါးရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
တွေ့ဆုံပွဲသို့ ခရိုစီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျနှင့်ဝန်ထမ်းများ၊ ငပလီကမ်းခြေဒေသရှိ ဟိုတည်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ခရိုင်ပြန်/ဆက်