မုဒုံ ဇန်နဝါရီ ၃၀
အသက်(၂၅)နှစ်အောက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မုဒုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်း မြင့်မားရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်ဖူဆယ်အားကစားသမားများ ပေါ်ထွန်း လာစေရန်အတွက် ပြုလုပ်ကျင်းပရခြင်းဖြစ်ပြီး မော်လမြိုင်ခရိုင်အတွင်းရှိ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊သံဖြူဇရပ်၊ ရေး (၆)မြို့နယ်တို့မှ အသင်း(၆)သင်းအား အုပ်စု နှစ်စုခွဲ၍ ဇန်နဝါရီ ၂၈ ရက်နေ့က စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် မော်လမြိုင်မြို့နယ် အသင်းက သံဖြူဇရပ်မြို့နယ် အသင်းအား ၄ ဂိုး၊ ၃ ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။
ထို့နောက် ဆုရရှိသည့်အသင်းများအား မော်လမြိုင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ယု၊ မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သံဖြူဇရပ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ ပူးတွဲတတိယဆုနှင့် အကောင်းဆုံး အားကစားသမားဆုတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)