ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှ ဒေါပုံမြို့နယ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် ကော်မရှင် အဖွဲ့များနှင့်တွေ့ဆုံ

ဒေါပုံ ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်သည် ယမန်နေ့ နေ့လယ်(၁၀) နာရီက ဒေါပုံမြို့နယ်၊  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌  မြို့နယ်ရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီး ဒေါ်မိုးမိုးစုကြည်က မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့် ရွေးကောက်ပွဲဝင်သည့် ပါတီအားလုံးကို တန်းတူအခွင့်အရေးအားလုံးပေးရန်၊ မဲရုံများ ခိုင်ခံ့သည့် မဲရုံများဖြစ်ရန်နှင့် မရှိပါက ယာယီမဲရုံများ ဆောက်လုပ်ရန် ဆောက်လုပ်ရာတွင် နိုင်ငံတကာ အဆင့်မီ မဲရုံများဖြစ်ဖို့လိုအပ်ကြောင်း၊ ဆောက်လုပ်ရန်နေရာ အခက်အခဲ ရှိပါက တင်ပြရန်၊ မဲဆန္ဒရှင် ၅၀၀ မှ ၇၀၀ဦး မဲပေးနိုင်သည့်မဲရုံများကို ကိုဗစ်၁၉ရောဂါ အထူးကာကွယ် ဂရုပြု ရန်၊ မသန်စွမ်း မဲဆန္ဒရှင်များအတွက် မဲရုံများကို မြေညီထပ်များတွင်ထားရှိရန်၊ ပွင့်လင်း မြင်သာပြီး တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် ကြိုးစားကြရမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောနိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူး တို့က ရှင်းလင်းဆွေးနွေး တင်ပြခဲ့ ကြသည်။

အဆိုပါတွေ့ဆုံပွဲကို ဒေါပုံမြို့နယ်ကော်မရှင် အဖွဲ့ဝင်ဌာနဆိုင်ရာများနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)