ဇမ္ဗူသီရိ ဇန်နဝါရီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အေးမြသာယာကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံးချမ်းသာ ကပ်ကျော်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ အေးမြသာယာ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဇောတိက အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး အေးမြသာယာ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဇောတိကမှ ဩဝါဒကထာမြွက်ကြားကာ မင်္ဂလာဇေယျုံ ပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ ဦးစီးနာယက အဂ္ဂမဟာပန္တိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော် ကြီးထံမှ (၉) ပါး သီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇျ္စာယ်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ အကျိုးတော်ဆောင်များနှင့် အလှူရှင်များမှ သံဃာတော် အရှင်သူမြတ်တို့ထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အဆင့်ဆင့်တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး အလှူရှင်များက ပင့်သံဃာများအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မင်္ဂလာဇေယျုံ ပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ ဦးစီးနာယက အဂ္ဂမဟာပန္တိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော်ကြီးမှ အနုမောဒနာတရား ချီးမြှင့်ရာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အဆင့်ဆင့်တို့ကို လှည့်လည်အပူဇော်ခံပြီး ပင်မစေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်ပွဲ အစီအစဉ်ကို ဆက်လက်ကျင်းပရာ စေတီတော်မြတ်ကြီး၏ ပထမဘုံမကြီး၊ ဒုတိယ၊ တတိယ၊ စတုတ္ထဘုံအဆင့်များ၊ ပဉ္စမဘုံ၊ ဆဋ္ဌမဘုံ ဖောင်းလုံးများ၊ နယားဆွဲလည်း၊ ပန်းခိုင်၊ ဟင်္သာ၊ ငှက်မြတ်နားတော်တို့အား ပန်းရထားဖြင့် ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
ထို့နောက် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
(မြို့နယ် ပြန်/ဆက်)