ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဒီဂရီကောလိပ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

သင်္ဃန်းကျွန်း  ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် ဒီဂရီကောလိပ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် (၉:ဝဝ)နာရီအချိန်က သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်၊ ဂန္ဓမာစာသင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၇/၂၀၂၀) သင်တန်း၊ သင်တန်းသားနှင့်သင်တန်းသူများအနက် ဘိုးဘွားပေးဝေချစ်အမွေခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် (၈)ဦး၊ ပြည်ထောင်စုသန္ဓေ လွတ်လပ်အမွေခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲတွင် (၇)ဦး၊ ပြည်ထောင်စုအမွေ လွတ်လပ်ရေးအဓွန့်ရှည် ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲတွင် (၄)ဦး၊ စုစုပေါင်း (၁၉)ဦး တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဒီဂရီကောလိပ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်လာစေရေး၊ အထိမ်းအမှတ်နေ့များအား သတိတရရှိစေရေးနှင့် မိမိတို့တက်သိထားသော အသိပညာဗဟုသုတများအား လက်ဆင့်ကမ်းမျှဝေနိုင်စေရန် ရည်ရွယ်၍ ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း ဇန်နဝါရီ ၃၀ ရက်နေ့ (တနင်္ဂနွေနေ့)နံနက် ၉:ဝဝနာရီ အချိန်တွင်လည်း(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် ဒီဂရီကောလိပ်အဆင့် ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး(ပြန်/ဆက်)