သထုံ ဇန်နဝါရီ ၃၀
မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်နိုင်နှင့် တာဝန်ရှိသူများတို့သည် ယနေ့ နံနက်က သထုံ ခရိုင် ပြည်သူ့ဆေးရုံကြီးရှိ လူနာစောင့်နားနေဆောင်ခန်းမ၌ ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံ ချစ်ကြည်ရေးအနေဖြင့် ရရှိထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sputnik Light) ကို ဒေသခံပြည်သူများထံ ထိုးနှံပေးနေမှု အခြေအနေအား လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုသို့ လာရောက်ကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ မြို့နယ်စီမံ အုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်၊ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က သထုံမြို့နယ်အတွင်း (Sputnik Light) အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမျိုးအစားအလိုက် ထိုးနှံပေးနေမှု၊ ဆက်လက်ထိုးနှံပေးမည့် အခြေအနေ၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း တစ်မြို့နယ်လုံး လွှမ်းခြုံမှုအခြေအနေနှင့် လိုအပ်ချက်များ အား ရှင်းလင်းတင်ပြရာ မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများက ကာကွယ်ဆေးထိုး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sputnik Light) သည် ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံ ချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းတို့မှ ရရှိထားခြင်းဖြစ်ပြီး တစ်ကြိမ်သာထိုးနှံရန် လိုအပ်ကြောင်း ရောဂါကာကွယ်မှုနှုန်း ကောင်းမွန်သည့် ကာကွယ်ဆေးဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုကို အချိန်တိုအတွင်း မြင့်မားစွာရရှိစေနိုင်ကြောင်း အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sputnik Light) ကို သထုံမြို့နယ်အတွင်း ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင် ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူ ၆၅၀ ဦးကျော် ထိုးနှံပြီးဖြစ် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်