သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်လျာထားချက် ဆောင်ရွက်ပြီးစီး

သာစည် ဇန်နဝါရီ  ၃၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ  ၂၅ရက်က ပန်းခင်းစီမံချက် လျာထားချက်အား ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးအောင်မွန်ထံက သိရသည်။       

သာစည်မြို့နယ်တွင်   ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ပေးရန်  လျာထားဦးရေ  ၁၁၉၅၆  ဦးရှိ ကြောင်းသိရပြီး ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ စတင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင်လာစေရန်လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ LEDဘုတ်မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Online မှတဆင့်အသိပညာပေး Talk show ဆောင်ရွက်ခြင်းစသည်ဖြင့် အသိပညာပေးခြင်းများပြုလုပ်ခဲ့ပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ပန်းခင်းစီမံချက်လျာထား ချက်ကို သတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးမြောက်နိုင်ရန် ယခုနှစ်ဇန်နဝါရီ  ၁  ရက်မှစ၍  ပြည်သူမလာနိုင် ပြည်သူ့ဆီအရောက်သွား  door to door တစ်အိမ်ဝင်တစ်အိမ်ထွက်စနစ်ဖြင့် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့်  ဇန်နဝါရီ  ၂၅  ရက်နေ့တွင် လျာထားချက်အား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်ပန်းခင်းစီမံချက် လျာထားချက်ကို သတ်မှတ်ကာလထက်စောလျင်စွာ ပြီးမြောက်ခဲ့သော်လည်း  ပန်းခင်းစီမံချက်အား သတ်မှတ်ကာလပြီးမြောက်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)