မော်လမြိုင် ဇန်နဝါရီ ၂၉
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ်၊ မော်လမြိုင် တက္ကသိုလ် ဘက်စုံအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲကျင်းပပေးရာတွင် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများက ကြီးကြပ်ပေးပြီး စာစီစာကုံးပြိုင်ပွဲ၌ မဟာအရည်အချင်းစစ်နှင့် မဟာသိပ္ပံ(ပထမနှစ်)တို့မှလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် မဟာအရည်အချင်းစစ်မှ လည်းကောင်း ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုကြသည်။
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာ နှင့်အညီ အဆင့်မြင့်မားတိုးတက်စေရေးအတွက် ဖော်ဆောင်ပေးရာတွင် နိုင်ငံတော်မှ ဇန်နဝါရီ ၆ ရက်နေ့မှ စ၍ သတ်မှတ်ဘာသာရပ်အလိုက် နေ့သင်တန်းများကို ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီဖွင့်လှစ် သင်ကြား ပေးသည်။
“ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့်ပညာရေး ဆောင်ပုဒ်နှင့်အညီ မော်လမြိုင်တက္ကသိုလ်သည် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်နိုင်ငံတော်မှ အားထားရသည့် မျိုးဆက်သစ် လူငယ်၊ မောင်မယ်များစွာ ပေါ်ထွက်လာစေရေး မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)