မိုင်းယောင်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပေးနှိုးဆော်

မိုင်းယောင်း ဇန်နဝါရီ   ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင်  ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်/ ကျေးရွာများအတွင်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပေးနှိုးဆော်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသောအဖွဲအစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။

ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏လှုံ့ ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်းမပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စသည်ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။

ထို့သို့ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)