ဆီဆိုင်မြို့ စည်ပင်သာယာဈေးတွင် ဈေးဆိုင်များ စနစ်တကျ ပုံမှန်ရောင်းချရေး လမ်းညွှန်ချက် အသိပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဆီဆိုင် ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့စည်ပင်သာယာ ဈေးများတွင်း ရောင်းချလျက်ရှိသည့် ဈေးဆိုင်၊ ဈေးခန်းများအား စနစ်တကျ ပုံမှန်ရောင်းချရေး အသိပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက လိုက်လံအသိပေးဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းညွှန်ချက်များ လိုက်လံအသိပေးဖြန့်ဝေရာတွင် ဆီဆိုင်မြို့နယ် စည်ပင်သာယာရေး ဌာန၏ ဌာနပိုင်ဈေးများတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ဈေးခန်းများနှင့် ပျံကျဈေးသည်များ၊ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၊ အိမ်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်ပဒေသာဆိုင်များ၊ တည်းခိုခန်းများ၊ ဘေးအန္တရာယ်လုပ်ငန်း လိုင်စင်ရယူထားသော လုပ်ငန်းများ၊ အပေါင်ဆိုင်များ၊ လမ်းဘေးပျံကျဈေးသည်များ အနေဖြင့် လပြည့်နေ့၊ ဥပုသ်နေ့စသော ဈေးပိတ်ရက်များ ဆိုင်ပိတ်ရက်များမှအပ ကျန်ရက်များတွင် ပိတ်ထားခြင်းမပြုဘဲ စိတ်အေးချမ်းသာစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချ လုပ်ကိုင်ကြရန်နှင့် အရပ်ရပ် အခွင့်အရေး လုပ်ငန်းလိုင်စင်စီ များအားလုံး ပုံမှန်အတိုင်းလုပ်ငန်းလည်ပတ် ဆောင်ရွက် ကြရန်၊ သို့သော် အစိုးရယန္တရား ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုထိခိုက်စေရန် ရည်ရွယ်ပြီး (Silence Strike) ပြုလုပ်ရန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများအပေါ် မသိ နားလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ် စေ၊ အားပေးအားမြောက် သဘော သက်ရောက်စေသည့် ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချခြင်း၊ လုပ်ကိုင်ခြင်းမပြုသော စည်ပင်သာယာရေးဌာနပိုင်ဈေးများမှ ဈေးဆိုင်ခန်းများ၊ မြို့စည်ပင် သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၊ အိမ်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်ပဒေသာဆိုင်များ၊ လမ်းဘေး ပျံကျဈေးသည်များအနေဖြင့် ဈေးရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ခြင်း၊ တည်ခိုခန်းများပိတ်ခြင်း၊ ဘေးအန္တရာယ်လုပ်ငန်းလိုင်စင် ရယူထားသောလုပ်ငန်းများ၊ အရပ်ရပ်အခွင့်အရေး လုပ်ငန်း လိုင်စင်စီများ လုပ်ငန်းဆောင်ရွက်မှု မရှိခြင်းများအား စိစစ်တွေ့ရှိရပါက တည်ဆဲစည်ပင် သာယာရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)