မန္တလေး သြဂုတ် ၂၆
အရန်ငါးရိက္ခာ စုစည်းသိုလှောင်သည့်အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေလှောင်တမံကန် နှစ်ဆယ်ခု၌ ငါးသားပေါက်ကောင်ရေ သိန်းသုံးဆယ် စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးရိက္ခာတိုးတက်ထုတ်လုပ်နိုင်ရန်နှင့် အရန်ရိက္ခာသိုလှောင်ထားရှိနိုင်ရန် နှစ်စဉ်ငါးသားပေါက်ကောင်များကို ဆည်ရေလှောင်တမံကန်များတွင် ငါးမျိုးထည့်ပေးလျက်ရှိပြီး ယခုနှစ်တွင် တိုင်းဒေ သကြီးအတွင်း ခရိုင်မြို့နယ်အလိုက် ဆည်ရေလှောင်တမံကန် နှစ်ဆယ်ခု၌ ငါးသားပေါက်ကောင်ရေ သိန်း ၃၀ စိုက်ထည့်ပေးသွားမည် ဖြစ်သည်။
"အဓိက အရန်ငါးရိက္ခာစုစည်းသိုလှောင်တဲ့အတွက် နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်တယ်၊ ဆည်ရေလှောင်တမံကန် နှစ်ဆယ်ခုထဲ ငါးသားပေါက်ကောင်ရေ သိန်းသုံးဆယ်လောက် စိုက်ထည့်ဖို့ မှန်းထားတယ်၊ ဆည်တော်ကြီး၊ ကင်းတာ၊ ရဲရွာ၊ ကြက်မောက်တောင်၊ ဝဲလောင်၊ တောင်သာ စသဖြင့် စိုက်ထည့်ပေးသွားမှာပါ၊ လက်ရှိ ခုနစ်ခုမှာတော့ ငါးသားပေါက်ကောင်ရေ ဆယ်သိန်းကျော်စိုက်ထည့်ပြီးသွားပြီး၊ ငါးမြစ်ချင်းနဲ့ ငါးခုံးမငါးမျိုးတွေကို အဓိကထားစိုက်ထည့်ပေးတာပါ" ဟု မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပေါ်လွင်က ပြောသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတများ ရေရှည်တည်တံ့ပွားများစေရေး၊ ငါးမျိုးကောင်းမျိုးသန့်များ ပြန့်ပွားစေရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငါးသားပေါက်များကို နှစ်စဉ် ထုတ်လုပ်ဖြန့်ဖြူးပြီး သဘာဝရေပြင်၊ မြစ်ချောင်း၊ ဆည်၊ ရေလှောင်တမံ၊ ကန်များတွင် ငါးမျိုးစိုက်ထည့်ပေးလျက်ရှိသည်။
" ငါးသားပေါက်မျိုးစိုက်ထည့်တဲ့လုပ်ငန်းကို ဇွန်၊ ဇူလိုင်၊ သြဂုတ်လ ဆည်ရေဝင်ရောက်မှုများလာတဲ့အချိန် နှစ်တိုင်းစိုက်ထည့်ပေးပါတယ်၊ ဆည်ထဲမှာ ငါးမျိုးပြန့်ပြီး ဆည်ရေလွှတ်ပေါက်ကနေ ရေလွှတ်လိုက်ရင်ပါသွားမယ်၊ ဆည်တွေဘေးရှိရွာတွေက တောင်သူတွေ၊ လယ်သမားတွေ၊ လက်လုပ်လက်စားတွေ ရှာဖွေစားသောက်ဖို့အဓိကထားတာပါ၊ အရန်ရိက္ခာအနေနဲ့ သိုလှောင်တဲ့သဘောပါ၊ ငါးလုပ်ငန်းဦးစီးဌာနကနေသော်လည်းကောင်း၊ ဆည် မြောင်းဦးစီးဌာနကနေသော်လည်းကောင်း ဆည်ထဲကနေစီးပွားဖြစ်ဖမ်းဆီးဆောင်ရွက်ခြင်းမရှိပါဘူး" ဟု ဆက် လက် ပြောသည်။
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင် သဘာဝရေလျှံကွင်း ၄ နေရာတွင် ငါးသားပေါက်ကောင်ရေ သိန်း ၂ဝဝ ကျော်နှင့် ဆည်၊ ရေလှောင်တမံ၊ ကန် ၇ ခုတွင် အကောင်ရေ ၁ဝ သိန်းကျော် စိုက်ထည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်