ခိုလမ် ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်(၆)ခုနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈-နှစ်အထက်ပြည်သူတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီမှစတင်၍ ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါအသက် ၁၈-နှစ်အထက်ပြည်သူတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEID)ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ပြုလုပ်ကာ ထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့်အနားယူစေခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မြင့်နှင့်ဝန်ထမ်းများ၊ ခုတင်(၁၀၀)ပြည် သူ့ဆေးရုံ ဆေးရုံအုပ်ကြီးဒေါက်တာလင်းထင်ကျော်နှင့် သူနာပြုများ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ရပ်/ကျေးစာရေးများ၊ လူမှုကူညီရေးအသင်းနှင့် မြို့မိမြို့ဖများက ပူးပေါင်းပါဝင်ခဲ့ပါသည်။ အသက်၁၈-နှစ်အထက်ပြည်သူများက ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြကြောင်း မြို့ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
နောင်ဟေးငင်း (ခိုလမ်)