သီပေါ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမှတ်(၆) အခြေခံပညာ အလယ်တန်း ကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာကတစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် ကျောင်းသားလူငယ် မောင်မယ်များ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးသည် ကျန်းမာရေးနှင့် စပ်လျဉ်းသည့် ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ်ပုံမှန် ပြန်လည် သက်ဝင်လှုပ်ရှား နိုင်စေရန် ၊ ထူးချွန်ထက်မြက်သော အားကစားလူတော်များ မွေးထုတ်ပေးနိုင်ပြီး လုပ်ငန်းခွင်တွင်လုပ်ငန်း စွမ်းပကား တိုးတက်စေရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်၍ လူ့သက်တမ်းစေ့ နေထိုင်သွားလာ နိုင်စေရန် စသည့် အားကစားနှင့် သက်ဆိုင်သော အကြောင်းအရာများအားအသိပညာပေး ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဆရာမ တစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ များအားကိုယ်လက်လှုပ်ရှားအားကစား fitness dance အကသင်ကြားပြသရာ ကျောင်းသား၊ ကျောင်းသူ များက ပျော်ရွှင်စွာ သင်ယူကစားခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)