ချင်းရွှေဟော် ဩဂုတ် ၂၆
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးဆွေးနွေးပွဲတွင် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်က အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ ဝင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါကြိုတင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးများ အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ချင်းရွှေဟော်မြို့ အတွင်း သွားလာ နေ ထိုင်ကြသည့် ပြည်သူများ နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့်အခြေအနေများ၊ လူစည်းကားရာနေရာများဖြစ်သည့် မြို့လယ်လမ်းဆုံနှင့် ဈေး၊ ဈေးဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ရောင်းချနိုင်ရေး ကြပ်မတ် ဆောင်ရွက်သွားမည့် အခြေအနေများ နှင့် ချင်းရွှေဟော်မြို့အဝင် သံတံတားဂိတ်၌ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိပြီး ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်သည်များအား အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)