ကျောက်ဆည် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများပေးဝေရာတွင် ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများအား ပြန်လည်ပြုပြင် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သံရွာကျေးရွာအုပ်စု၊ ညွှန့်ပင်ကျေးရွာအနီးရှိ အထက်လင်းဇင်း မြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းဆလံအချောသတ်ခြင်းလုပ်ငန်းများ ဆောက်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများ သတ်မှတ်အချိန်အတွင်းသတ်မှတ်အရည်အသွေးပြည်ဝစွာ ရှိစေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်း အကုန်အကျခံကာအထက်လင်းဇင်းမြောင်းအား အလျား(၁၅၂၀၀)ပေအတွင်းမှ သဲနုန်း(၁၂၆၉၀)ကျင်းတူးဖော်ပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများပြီးစီးပါက သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိသော မြေဧက(၁၁၇၃)ဧကအတွက် ရေများပေးဝေရာတွင် ရေစီးရေလာအဟန့်အတားမရှိ သတ်မှတ်ရေ ပမာဏ ပြည့်ဝစွာ ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် သီးနှံများစိုက်ပျိုးရန်အတွက် ရေများပေးဝေရာတွင် ရေအလေအလွင့်နည်းပါးစွာဖြင့် ပြည့်ဝစွာပေးဝေနိုင်ရေးအတွက် ဘဏ္ဍာနှစ် အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြောင်းများပြန်လည်ပြုပေးခြင်း၊ ရေပေးပြွန်များအသစ်ပြောင်းလဲတပ်ဆင် ပေးခြင်း၊ ရေကျအဆောက်အဦများနှင့်ရေတံခါးများ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)