သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံအစုအဖွဲ့ ပိုင်သစ်တော တည်ထောင်ခွင့်လက်မှတ် ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ဆောင်ရွက်

သီပေါ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့်လက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  သစ်တောဦးစီးဌာနရုံးခန်းတွင် ပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဇမ်ဆွမ်းခိုင်က အမှာစကားပြောကြားခဲ့ပြီးနောက် ဒေသခံအစုအဖွဲ့ ပိုင်သစ်တောတည်ထောင်ခွင့်ရရှိသော ခိုင်းလုံကျေးရွာ၊ နမ့်အွန်ကျေးရွာ၊ စံလောင်း ကျေးရွာများမှ တောင်သူ(၉)ဦးအား  ဒေသခံအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့်လက်မှတ်များ ပေးအပ်ခဲ့ရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။  အဆိုပါ ဒေသခံအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့်ရရှိသော တောင်သူများသည် တစ်ဧကလျှင် သစ်ပင် အပင်ပေါင်း(၁၅၀) စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ကျန်နေရာများတွင် မိမိနှစ်သက်ရာ သီးနှံများကို စိုက်ပျိုးနိုင်သည့် အတွက် သစ်တောများ ဆက်လက်စိမ်းလန်းစိုပြေနေမည့်အပြင် ဒေသခံတောင်သူများအနေဖြင့် ထိုသစ်တောများအား နှစ်(၃၀) စိုက်ပျိုး ခွင့်ရရှိ သွားမည်ဖြစ်ကြောင်း၊ သစ်တောထွက် ပစ္စည်းများ ကိုလည်း သစ်တောဦးစီးဌာန၏ ညွှန်ကြားချက်များနှင့် အညီရောင်းချပိုင်ခွင့် ရရှိသွားမှာ ဖြစ်ကြောင်းနှင့် သစ်တောမြေများကို ရောင်းချပိုင်ခွင့် မရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဒေသခံအစုအဖွဲ့ပိုင်သစ်တောများတည်ထောင်ခြင်းကို နိုင်ငံတော်က အားပေးသောလုပ်ငန်းစဉ် ဖြစ်သောကြောင့် စိတ်ပါဝင်စား သူများ အနေဖြင့် သစ်တောဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)