ကျောက်ဆည် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်း ထိုက်ဦးနှင့် ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းမြင့် ၊မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး၊ ဒေါ်ဌေးရီ ဦးစီးအရာရှိ(နည်းပညာ)တို့သည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှားပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေနှင့် ပြည်သူများထည့်ဝင် လှူဒါန်းငွေများဖြင့်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ စနစ်တကျရှိရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇ -၂၀၁၈ခု ဘဏ္ဍာရေးနှစ်အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မြစိ်မးရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ(၅၀%)ဖြစ်သည့်ငွေကျပ်(၉.၇) သန်းနှင့် ကျေးရွာပြည်သူများ ထည့်ဝင်လှူဒါန်းငွေကျပ် (၈.၈၄၅)သန်း စုစုပေါင်းငွေကျပ်(၁၈.၅၄၅)သန်းဖြင့် အလျား (၁၀၀၀)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၆)ပေကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများပြီးစီးသွားပါက ရှားပင်ကျေးရွာမှအိမ်ထောင်စု(၃၆၀)စု၊ လူဦးရေ (၁၅၆၉)ဦး သွားလာရေးပိုမိုလွယ်ကူအဆင်ပြေသွားမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ပြီး ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး