(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲနှင့် အီးမေးလ်အသုံးပြုနည်း သင်ကြားပြသ‌ပေး

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အီးမေးလ် အသုံးပြု နည်း   သင်ကြားပြသပေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့်ကျောင်းသူလေးများနှင့်  Book Club အသင်းဝင် လူငယ်များအားပြည်ထောင်စုနေ့ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းနှင့် ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများ၏ အမည်စာရင်းနှင့် ကိုယ်ရေးအကျဉ်းတို့အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသားလူငယ်များက ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲတွင် ပြသ ထားသည့် စာအုပ်များကို လေ့လာဖတ်ရှုကြရာ မြို့နယ်ပြန်/ဆက် ဦးစီးမှူးနှင့် စာကြည့်တိုက်လက်ထောက်(၃)တို့က စာအုပ်ပါ အကြောင်းအရာများအား  ရှင်းလင်းပြောကြားပေးပြီး၊ ကျောင်းသား လူငယ်များဉာဏ်ရည်ထက်မြက်စေရန်နှင့် ပျော်ရွှင်စေရန် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြုလုပ်ပေးသည်။

ယင်းနောက် ကျောင်းသားလူငယ်များလုပ်ငန်းခွင် ဝင်ရောက်သည့်အခါ ကွန်ပျူတာဖြင့်လည်းကောင်း၊ မိမိတို့လက်ကိုင်ဖုန်းဖြင့်လည်းကောင်း လုပ်ငန်းနှင့်ပတ်သက်၍ အင်တာနက်ဖြင့် ‌အီးမေးလ် အလွယ်တကူ အသုံးပြုပို့တတ်စေရန်ရည်ရွယ်၍ မြို့နယ်ရုံးမှ ရုပ်/သံ ကျွမ်းကျင် (၃)ဒေါ်ယဉ်ယဉ်ငြိမ်းက အီးမေးလ်အသုံးပြုနည်းကို တစ်ဦးချင်းအလိုက် တတ်မြောက် သည်အထိ တဆင့်ချင်းစီ သင်ကြားပြသပေးရာ ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)