ရခိုင်ပြည်နယ် မောင်တောမြို့၌  ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဆင်းပွဲပြုလုပ်

မောင်တော  ဇန်နဝါရီ  ၂၉

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၈ ရက် ညနေ  ၄ နာရီအချိန် ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ မောင်တောခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူးသန့်ဇင်က  အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်က ယခုအခါ  ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှ (ဆင့်ပွား) ပို့ချပေးလိုက်သည့် ဘာသာရပ်များကို  အမြဲမပြတ်လေ့ကျင့်ကြရန်နှင့် မိမိတို့မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ကူညီဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဆင်းပွဲတွင် ဆုများရှိကြသော တပ်ဖွဲ့ဝင်များအား  သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး သန့်ဇင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား)သင်တန်းကို  ခရိုင်/မြို့နယ်၊နယ်မြေမီးသတ်စခန်းများမှ သင်တန်းသား  ၂၀ ဦးက တက်ရောက် သင်ယူခဲ့ကြပြီး သင်တန်းကာလ မှာ ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ  သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)