မော်လမြိုင် ဇန်နဝါရီ ၂၈
နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး ရည်ရွယ်၍ မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်၈နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို မော်လမြိုင်မြို့ ကော့နှတ်ကျေးရွာ တွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ယုက သင်တန်းသားများအနေဖြင့် ယခုပို့ချပေးသည့်စာတွေ့၊ လက်တွေ့သင်ခန်းစာများ အပေါ်အခြေခံ၍ မိမိရပ်/ရွာပြည်သူလူထုအတွက် ပြန်လည် အသုံးချ ပေးစေလိုကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့သည်လည်း ရပ်/ရွာ တွက်အင်အား တစ်ရပ်ဖြစ်ကြောင်း၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ခြင်း အပြင်ရပ်/ရွာလုံခြုံရေးတွက်ပါလိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ရာတွင် မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်နှင့် မြိုနယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူတို့က သင်တန်းသား တစ်ဦးချင်း အလိုက်သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်သည်။
အဆိုပါ သင်တန်းကို ကော့နှတ်ကျေးရွာအုပ်စုမှ ကော့နှတ်ကျေးရွာ၊ ကော့လှာကျေးရွာနှင့် ကတိုးကျေးရွာတို့မှ သင်တန်း သား(၂၅)ဦးတို့အား ဇန်နဝါရီ၃ရက်မှ ၂၈ရက်နေ့ထိ (၄)ပတ်တာကာလအတွင်း မီးငြှိမ်းသတ်ခြင်းနှင့် အသက်ကယ်ဆယ် ရေး ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)