မွန်ပြည်နယ်ဝန်ကြီးချုပ် ကော့နှတ်ကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ တက်ရောက်

မော်လမြိုင်      ဇန်နဝါရီ          ၂၈

နိုင်ငံတော်၏   ကုန်ထုတ်အရင်းအနှီးများနှင့်   ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့်  ထိခိုက်ပျက်စီးမှုများမှ   ကြိုတင်ကာကွယ်နိုင်ရန်  ရည်ရွယ်ချက်တို့ဖြင့် မွန်ပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို   အဆိုပါသင်တန်း ပြုလုပ်သည့်    မော်လမြိုင်မြို့နယ်၊ ကော့နှတ်ကျေးရွာတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက သင်တန်းသားများ အနေဖြင့် ယခုပို့ချပေးသည့် စာတွေ့၊လက်တွေ့ သင်ခန်းစာများအပေါ အခြေခံကာ မိမိရပ်/ရွာ ပြည်သူလူထုအတွက်   ပြန်လည်အသုံးချ ပေးစေလိုကြောင်း၊  အရန်မီးသတ် တပ်ဖွဲ့သည်လည်း ရပ်/ရွာတွက် အင်အားတစ်ရပ်ဖြစ်ကြောင်း၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ခြင်းအပြင် ရပ်/ရွာလုံခြုံရေးတွက်ပါ လိုအပ်ကြောင်း၊ အရေးပေါ  အခြေအနေတွင်   ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး စေလိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များ၏ အရေးပေါ်အခြေအနေတွင် မီးလောင်မှုဖြစ်ပွားပါက ရေစိုအဝတ်ဖြင့် အောက်ဆီဂျင် ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်း၊ အိမ်တိုင်း ဆောင်ထားသင့်သည့် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်ဖြင့် ခေတ်မီ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ အပေါ့စားမီးသတ်စက်(Portable Fire Pump)ဖြင့် ရေကိုစုပ်ယူ၍  အပူချိန်လျော့ချ မီးငြှိမ်းသတ်နည်းနှင့် နေအိမ်များ မီးလောင်မှုဖြစ်ပွားပါက  မီးငြှိမ်းသတ် ယာဉ်တို့ဖြင့် မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့ သရုပ်ပြသပေးသည်။

အဆိုပါသင်တန်းကို  ကော့နှတ်ကျေးရွာအုပ်စုမှ  ကော့နှတ်ကျေးရွာ၊ ကော့လှာကျေးရွာနှင့် ကတိုးကျေးရွာတို့မှ  အရန်မီးသတ်သင်တန်းသား၂၅  ဦးတို့အား  ဇန်နဝါရီ ၃ ရက် မှ ၂၈ ရက်နေ့ထိ ပတ်တာကာလအတွင်း  စာတွေ့/လက်တွေ့သင်ကြားပို့ချပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်    ကော့နှတ်ကျေးရွာရှိ     ဦးနာအောက် ဆောက်လုပ် လှူဒါန်းခဲ့သည့် ရှေးဟောင်းသမိုင်းဝင်ဘုရားများနှင့် သာသနိက  အဆောက်အဦများအား ဖူးမြော်ကြည်ညိုပြီး ကတိုးတိုက်နယ်ဆေးရုံသို့ သွားရောက်၍ တာဝန်ရှိသူ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဓာတ်မှန်ခန်း တည်ဆောက်ပြီးစီးမှုနှင့်   ကျန်းမာရေး ဝန်ဆောင်မှုများ  ပေးနိုင်ရေး၊   လိုအပ်သည့်    ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဓါတ်မှန်စက်များ ရရှိနိုင်ရေးနှင့် အခြားလိုအပ်သည်များ  ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

ဇာဖြူဝင်း(ပြန်/ဆက်)