မအီ ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယမန်နေ့ ညနေပိုင်းက စာရေးဆရာ ဦးတင်လှ(မဟာဝိဇ္ဇာ) ရေးသားသည့် ''မြန်မာမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ ဦးမောင်နီချေက ယခုလိုစာဖတ်ဝိုင်းကို အပတ်စဉ်ပြုလုပ်ပေးခြင်းဖြင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေခြင်း၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေခြင်း၊ လူ့အဖွဲ့စည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာတက်စေရန် ရည်ရွယ်၍ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက “မြန်မာမှု”စာအုပ်ပါ “ကောက်သစ်ပွဲ”၊ “မြန်မာ့အိုးခွက်”၊ “မြန်မာ့ရိုးရာလယ်လုပ်ငန်း”၊ “ကျောက်ပျဉ်နှင့် သနပ်ခါး” စသည့် ခေါင်းစဉ်များဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)